Blogger
ဆိုတာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့
ကိုယ့်ဆန္ဒ ၊ ကိုယ့်အနုပညာ ၊ ဘာသာရပ်အကြောင်းအရာ တွေကို လွတ်လပ်စွာ
ထုတ်ဖော်ပိုင်ခွင့် ရှိတဲ့ နေရာတစ်ခုရယ်လို့ သတ်မှတ်လာကြတဲ့ နေရာလေးတစ်ခုပါ
။ အနောက်နိုင်ငံတော်တော်များများမှာ ၂၀၀၀ ၀န်းကျင်က blogger
ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပေမဲ့
အာရှနိုင်ငံတော်တော်များများမှာတော့ ၄ နှစ် ၅ နှစ်လောက် နောက်ကျပြီးမှ
အသုံးပြုခဲ့ကြတယ်လို့ သိဖူးတယ် ။ ဒါက နိုင်ငံတကာ တရားဝင်
ထုတ်ပြန်ချက်မဟုတ်ပေမဲ့ ကျွန်တော်ဖတ်ဖူးတာကနေ တဆင့်ပြန်ပြောပြတာမို့
မှန်တယ်လို့ ကျွန်တော် အာမ ခံနိုင်ခြင်းမရှိပါဘူး ။ သေချာတာကတော့
မြန်မာနိုင်ငံမှာ ဘလော့ဆိုတာကို ၂၀၀၄ ၂၀၀၅ မှာ အစပြုခဲ့တာပါ ။ ဒါတွေက
အချို့သူတွေ သိပြီးသားဆိုတော့ ကျွန်တော် ရှည်ရှည်ဝေးဝေး ထပ်မပြောနေတော့ဘူး ။
Blog
ဆိုတာ ကိုယ့်ရဲ့ အနုပညာ ၊ ဆန္ဒ ၊ ပညာရပ်များကို လွှတ်လပ်စွာ ထုတ်ဖော်ရေးသား
ရာနေရာလို့ ဆိုတဲ့ အချက်ကို ကျွန်တော် သဘောတူလက်ခံခဲ့တယ် ။
မြန်မာနိုင်ငံမှာ Blog့ ကို
အနုပညာနဲ့ ပက်သက်ပြီး အသုံးပြုမှုနဲ့ စတင်ခဲ့ကြတယ် ။ အဲဒီနောက်ပိုင်းမှ
နည်းပညာပိုင်းဆိုင်ရာတွေဘာသာရေးဆိုင်ရာတွေ ၊ နိုင်ငံရေးဆိုင်ရာတွေ နဲ့
ရိုးရာယဉ်ကျေးမှု ဓလေ့ ဆိုင်ရာ ပက်သက်မှုတွေကို အသုံးပြုလာကြတာာပါ ။
နောက်ပြီး Blog ဆိုတာလေး လုပ်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို blogger
ဖြစ်ပြီးလို့ သတ်မှတ်ချင်ကြတာကို ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး ။
Blogger မှာစည်းကမ်းသတ်မှတ်ချက်တွေ ရှိပါတယ် ။ တရာဝင် ထုတ်ပြန်ထားတာ
မဟုတ်ပေမဲ့ နိုင်ငံတကာ Blogger တွေ သတ်မှတ်ခဲ့ကြတဲ့ စည်းကမ်းလေးပါ ။
ပထမဦးဆုံး
Blog
ရေးတယ်ဆိုတာ ရည်ရွယ်ချက် ရှိရပါမယ် ။ ခင်ဗျား ဘာလုပ်ဖို့ ရေးတာလည်း ၊
ကိုယ့်အနုပညာ ထုတ်ဖော်ချင်လို့လား ၊ ကိုယ့်နည်းပညာ မျှဝေချင်လို့လား ၊
ကိုယ့်အတွေးအခေါ်တွေကို စာဖတ်သူမြင်အောင် ချပြချင်လို့လား၊ ပြည်ပရောက်နေတဲ့
စာဖတ်သူတွေအတွက် ပြည်တွင်းက စာရေးဆရာတွေရဲ့ စာပေတွေကို
ပြန်လည်မျှဝေပေးချင်လို့လား ၊ မဟုတ်ရင် ကမ္ဘာပေါ်က ဖြစ်ပျက်နေသမျှ ဗဟုသုတ
အထွေထွေကို စာဖတ်သူတွေ မြင်တွေ့နိုင်အောင် လုပ်ပေးချင်လို့လား ရည်ရွယ်ချက်
တစ်ခုတော့ ခင်ဗျားတို့ ထားသင့်တယ် ။ ရေးချင်ရာ လျှောက်ရေး ပြောချင်ရာပြော
အပျော်သဘော လုပ်ပြီး ရေးနေတဲ့ သူဟာ Blogger မဟုတ်ဘူး ။ Blogging နေတဲ့
စာဖတ်သူ တစ်ဦးလို့ပဲ ကျွန်တော်မြင်တယ် ။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုပေါ်မှာ
ရည်ရွယ်ချက် တခုခု ထားတာ Blogger တစ်ယောက်မှာ ရှိသင့်တဲ့ အချက်တစ်ချက်ပါပဲ ။
နောက်တစ်ချက်က Blogger
ဆိုတာ ကိုယ်ထုတ်ဖော်ပြောဆိုလိုက်တဲ့ အကြောင်းအရာပေါ်မှာ မှန်သည် မှားသည်
ဆိုတာကို လုံးဝ တာဝန်ယူရဲတဲ့သူ ဖြစ်ကို ဖြစ်ရပါမယ် ။
မိမိပြောဆိုရေးသားလိုက်တဲ့ အကြောင်းအရာမှာ စာဖတ်သူအတွက် မှားယွင်းတဲ့
အတွေးခေါ် အယူဆတွေ ဖြစ်သွားခဲ့တဲ့ အပေါ် အလုံးစုံ ၀န်ခံတာဝန်ယူနိင်ရပါမယ် ။ Blog
တစ်ခု ရတာနဲ့ လွတ်လပ်ပါပြီးဆိုပီ ပေါက်တတ်ကရ ရေးချင်ရာရေး ၊
ပြောချင်ရာပြော ၊ စာဖတ်သူတွေ ဘယ်လို ယူဆပြီး ဘယ်လို မှားယွင်းတဲ့
လမ်းမှားလျှောက်လျှောက် ငါ့တာဝန်မဟုတ်ဘူး ငါနဲ့မဆိုင်ဘူး ဆိုပြီး နေတဲ့သူဟာ
Blogger မဟုတ်ဘူး ။ Blogger ဆိုတာ တာဝန်ကြီးတဲ့သူပါ ။ Blog ရေးတဲ့ Blogger
ဆိုတာ အပြင်ပန်းကြည့်ရင် ပေါ့ပေါ့ပါးပါး ရေးသားလို့ရတဲ့သူလို့ ထင်ပေမဲ့ ၊
တကယ့် ပြင်ပ ဂျာနယ် မဂ္ဂဇင်း ၀ထ္တုတွေရေးနေတဲ့ စာရေးဆရာကြီးတွေလို စာဖတ်သူ
လမ်းမှား မရောက်အောင် မိမိ စာပေအကြောင်းအရာပေါ်မှာ တာဝန်ယူရတဲ့ သူတွေပါ ။
နောက်ပြီး Blogger တွေမှာ Blogger
အချင်းချင်း လေးစားမှုဆိုတာ ရှိသင့်တဲ့ အချက်တစ်ချက်ပါ ။ ကိုယ်ဟာ
တစ်ပါးသူရဲ့ စာပေအရေးအသားတွေကို တစ်ပိုဒ်အစ တစ်ကြောင်းအဆုံး ကူးယူ
အသုံးပြုမယ်ဆိုရင် အဲဒီစာပေရေးသားသူရဲ့ နာမည်ကို ဖော်ပြပေးသင့်တယ် ။
အခုခေတ်မှာ ( အများအားဖြင့် ၁၄ နှစ် နဲ့ ၂၂ နှစ်ကြား ) ဆယ်ကျော်သက်
လူငယ်တွေထဲက အချို့သော လူငယ်တွေဟာ တစ်ပါးသူရေးတဲ့ ကဗျာ စာပေ တွေကို
ကူးချင်သလိုကူး ပြီးရင် ကိုယ်ပိုင်ရေးသားသလိုနဲ့ ဆိုရှယ်ဆိုဒ်တွေမှာ
တင်ချင်သလို တင်နေကြတယ် ။ ဒါဟာ မူရင်းစာပေရေးသားသူကို စော်ကားနေသလို
သူတို့ရဲ့ အကျင့်စရိုက်ကို ဖော်ပြနေတာပဲ ။ ဒါဟာ မဖြစ်သင့်တဲ့ အချက်ပါ ။
လူငယ်တွေကို သိတတ်ကာစ အရွယ်ကတည်းက ကိုယ့်စာပေ ကိုယ်ယဉ်ကျေးမှုကို
မြတ်နိုးတတ်တဲ့ စိတ် အကျင့်သီလ စောင့်ထိန်းတတ်တဲ့စိတ်တွေကို နားလည်လာအောင်
စောင့်ထိန်းတတ်အောင် သင်ကြား ပေးသင့်ပါတယ် ။ ဒါကလည်း လူငယ်တွေကို အပြစ်
မပြောသာဘူး သူတို့ အရှေ့မှာ နာမည်ကျော် စာရေးဆရာကြီးတွေ ကိုယ်တိုင်
သူတစ်ပါး စာပေတွေကို ပေါ်တင် ခိုးကူးနေတာပဲလေ ။ ရှေ့ကသွားတဲ့ နွားလား
ဖြောင့်ဖြောင့် မသွားတော့ နောက်ကလိုက်တဲ့ နွားလား ကောက်ကောက်လိုက်တာ
ဆန်းသလားဗျ ။ ဒါပေမဲ့ လူငယ်တွေကို ဒီအတိုင်း လွှတ်ထားမဲ့ အစား ကျွန်တော်တို့
ဝိုင်းဝန်း ပြုပြင်ထိန်းသမ်း ပေးသင့်တယ် ။ လူငယ်တွေကို ပြောပြ
ဆိုဆုံးမသင့်တယ် ။ တစ်ယောက်နိုင်ရင် တစ်ယောက် ၊ နှစ်ယောက်နိုင်ရင်
နှစ်ယောက်ပေါ့ ။ ဆယ်ယောက်ကို ပြောပြလို့ တစ်ယောက် နားလည်လက်ခံသွားရင်လည်း
ဒါဟာ ကျွန်တော်တို့အတွက် အမြတ်ပဲ ။ ကျွန်တော်တို့တတွေ လူငယ်တွေကို
စရိုက်ကောင်းတွေ အကျင့်ကောင်းတွေ နေထိုင်ပြုမူတတ်လာအောင် ပြုပြင်ပြောင်းလဲ
ပေးသင့်တယ် ။
အဲဒီအတွက်
ကိုနေဘုန်းလတ် ရေးသားခဲ့တဲ့ Blogger နှင့်  chatter ဆိုတာ ခင်ဗျားတို့
သွားဖတ်ကြည့်ပါ ။ Blogger တစ်ယောက် နဲ့ Chatter
တစ်ယောက်ရဲ့ ကွာခြားပုံ တာဝန်ယူတတ်မှု ၊သိတတ်မှု ၊ အကျင့်သီလ ၊ ခံယူချက် ၊
အစစအရာရာ ခင်ဗျားတို့ နားလည်လာလိမ့်မယ် ။ သူ့ ပိုစ့်မှာ ကောမန့် ပေးထားတဲ့
သူတွေကို ခင်ဗျားတို့ ကြည့်လိုက်စမ်း တကယ့် Blog
ခေတ်ဦး စာရေးသူတွေချည်းပဲ ။ ကိုနေဘုန်းလတ်ဟာ ကျွန်တော်လေးစားရတဲ့သူ ။
လွတ်လပ်စွာရေးသားပိုင်ခွင့် ဆိုတာကို မြတ်နိုးပြီး ကိုယ်ပိုင်ခံယူချက်
ကိုယ်ပိုင် အနုပညာမြတ်နိုးမှု နဲ့ လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးပါ ။
လွတ်လပ်စွာရေးသားခွင့်ကိုမြတ်နိုးလို့ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှာ
သတင်းတွေကို ဘလော့ကနေ တဆင့်ဖော်ပြခဲ့မှုကြောင့် ထောင်ဒဏ် နှစ် ၂၀
ကျခံခဲ့ရတဲ့ ပထမဦးဆုံး Blogger
လူငယ်တစ်ဦးပါ ။ အသက် ၃၀ မပြည့်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ စာပေမြတ်နိုးမှု ၊
စာပေအကျင့်သီလပိုင်း ၊ လူငယ်တွေကို လမ်းကြောင်းမှန် ရောက်အောင်
သွန်သင်ပေးတဲ့ သူ့ရဲ့ စေတနာကို သူရေးသားခဲ့တဲ့ ကျွန်တော် လွတ်ကျခဲ့တဲ့
မြို့တော် ဆိုတဲ့ Blog ထဲက “Blogger နှင့် Chatter ” ဆိုတဲ့ ပို့စ်ထဲမှာ
ခင်ဗျားတို့ တွေ့ပါလိမ့်မယ် ။ ကျွန်တော်သူ့ကို လေးစားရတယ် ဆိုတဲ့
အကြောင်းအရင်းက Blogger တစ်ယောက်ရဲ့ အကျင့်သီလစောင့်ထိန်းမှု နဲ့
နောင်လာနောင်သား လူငယ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင်
လမ်းပြပေးတဲ့ Blogger တစ်ယောက်ရဲ့ စေတနာကို လေးစားမိတာ ။
နောက်ဆုံး
နိဂုံးချုပ်ပြောရရင် Blogger တစ်ယောက်ဆိုတာ လွတ်လပ်စွာ ရေးသားနိုင်ပေမဲ့
တာဝန်ယူမှုအပိုင်းမှာလည်း မသေးဘူးဆိုတာ နားလည်စေချင်တယ် ။ Blogger
အချင်းချင်းမှာလည်း ထားသင့်ထားထိုက် ရှိတဲ့ရှိထိုက်တဲ့ ရိုသေလေးစားမှု
စာပေလေးစားမှုတွေကိုလည်း ထားရပါမယ် ။ စောင့်ထိန်းအပ်တဲ့
စာပေအကျင့်သီလပိုင်းကိုလည်း စောင့်ထိန်းရပါမယ် ။ အခု ကျွန်တော်ပြောခဲ့တဲ့
အချက်တွေကို ခင်ဗျားစောင့်ထိန်းနိုင်တဲ့ အချိန်အခါရောက်ရင် ခင်ဗျားဟာ
Blogger ဆိုတာ ဘာလဲ ဆိုတာကို သေသေချာချာ နားလည် လာပါလိမ့်မယ် ။
အဲဒီအခါကျရင် ခင်ဗျားဟာ " ကျွန်တော်ဟာ ကျွန်မဟာ Blogger တစ်ဦးပါ " လို့
ရဲရဲဝံ့ဝံ့ ပြောဆိုနိင်ပါပြီး ။ အဲဒီအချိန် ရောက်ရင် ကျွန်တော်လည်း
ခင်ဗျာကို လေးစားထိုက်တဲ့ Blogger တစ်ဦးအနေနဲ့ လေးစားနေမှာပါ ။
ကျွန်တော့်ကို ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမ များအားလုံး
Blogger ကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ ။


0 comments:
Post a Comment